Monday, July 7, 2008

ပင်လယ်ဖြစ်ချင်သူ

ချစ်သူတွေအတွက် ပင်လယ်တစ်စင်း ဖြစ်ချင်ပါတယ်၊ ကျွန်မ ဖတ်ဖူးတဲ့ ဂျူးရဲ့ဝတ္ထုတွေထဲမှာ ပင်လယ်နှင့် တူသောမိန်းမများ ဝတ္ထုကို အရမ်းနှစ်သက်မိပါတယ်၊ စာရေးဆရာမ ဂျူးဟာ မိန်းမသားတွေဘက်က ခံစားပြီး ရေးတတ်တဲ့ မဟာဣတ္ထိယဝါဒီ တစ်ယောက်ပါ။ ကျွန်မသူ့အရေးအသားတွေအရမ်းကြိုက်တယ်။ ရဲရဲတွေးပြီး၊ ရဲရဲရေးတတ်တဲ့ ဆရာမရဲ့အတွေးအခေါ်ထက်မြက်မှု ကိုအားကျမိပါတယ်။
ပင်လယ်နှင့်တူသော မိန်းမများဝတ္ထုထဲမှ ဇာတ်ဆောင်အမျိုးသမီး ငွေအိမ်စံက"မိန်းမတွေဟာ သူတို့ချစ်တဲ့သူတွေအတွက် ပင်လယ်တစ်ခုဖြစ်ခဲ့ပါသတဲ့။
ကျွန်မလည်း ကျွန်မချစ်တဲ့သူတွေအတွက် ပင်လယ်တစ်ခုဖြစ်ချင်ခဲ့ပါတယ်။ ကျွန်မဘဝမှာ အခုအချိန်အထိ ကျွန်မကချစ်ရတဲ့ အမျိုးသားသုံးယောက်ရှိခဲ့ပါတယ်။ ( ရိုးရိုးပဲတွေးပေးပါနော်) တစ်ယောက်က ကျွန်မရဲ့ ကျေးဇူးရှင် ဖေဖေပါ။ ဖေဖေကျွန်မကိုချစ်ပေမယ့် အလိုမလိုက်ခဲ့ပါဘူး။ သူ့စိတ် အလိုမကျတိုင်း မဲစရာ၊ နိုင်စရာသတ္တဝါလိုဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကဖေဖေ့ကိုသိပ်ချစ်ခဲ့ပါတယ်။ ကျွန်မကပင်လယ်တစ်ခုဆိုရင် ဖေဖေက ရေစီးသန်ပြီးဒေါသထန်တဲ့ မြစ်တစ်စင်းပေါ့။ နောက်တစ်ယောက်က ကျွန်မရဲ့ချစ်လှစွာသော တူကလေးပါ။ တူကလေးက အခုဆိုအသက်(၁၅)နှစ်၊ ကိုးတန်းကျောင်းသားပါ။ မျက်စိရှေ့မှာပဲကြီးပြင်းခဲ့တဲ့ တူကလေးကိုကျွန်မ အရမ်းချစ်ခဲ့ပါတယ်။ ဒါပေမယ့်သူ့ရဲ့ မနာခံမှု၊ အလိုမကျမှု၊ ကျွန်မရဲ့စေတနာတွေအပေါ် လျစ်လျူရှုမှုတွေခံစားရတဲ့အခါမှာ ကျွန်မအသဲနာလှပါတယ်။ တူကလေးက
မြစ်တစ်စင်း ဖြစ်ခဲ့မယ်ဆိုရင် အေးခဲတင်းမာတဲ့ ရေခဲမြစ်တစ်စင်း ဖြစ်ခဲ့မယ်ထင်ပါတယ်။ နောက်တစ်ယောက်ကတော့ လျှို့ ဝှက်ချက်ပါ။ သူဟာလည်း ကျွန်မအတွက် မြစ်တစ်စင်းဖြစ်ခဲ့မယ် ဆိုရင် အေးချမ်းငြိမ့်ညောင်းပြီး ရေစီးညင်သာ တဲ့ မြစ်တစ်စင်းဖြစ်စေချင်မိပါတယ်...........yin

No comments: