Thursday, April 23, 2009

အရိပ်

ဘယ်အချိန်မှာ ဖြစ်ဖြစ်
တွယ်တာရစ်ငင်
ထာဝရထင်သော
ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ....

Thursday, March 19, 2009

ဘဝတစ်သက်စာ အိပ်မက်

လှည့်စားခဲ့တဲ့
သံယောဇဉ်မဲ့
အချစ်တုတွေနဲ့
အစကတည်းက
မဆုံခဲ့ရင်ကောင်းမယ်
မင်းဘက်ကတော့
အိပ်မက်တစ်ခုလို မှတ်ယူခဲ့ပေမယ့်
ငါ့ အတွက်တော့
တစ်ဘဝစာအတွက်ပါဘဲလား ......

Thursday, February 26, 2009

မျှော်လင့်ခြင်း အလွမ်း

ချစ်တတ်သူ တစ်ယောက် မဟုတ်ခဲ့လေတော့
မင်း ပစ်ပယ်သွားတာ သိပ်မဆန်းပါဘူး
ဒါပေမယ့် ငါဟာ...
အချစ်ငတ်သူလဲ မဟုတ်ပြန်ဘူး..

ဟို..အရင် မင်း မရှိစဉ်ကလဲ
အထီးကျန်လမ်းမှာ ငါ တစ်ယောက်တည်း
သိုသိပ်လျှို့ဝှက်စွာ ကြီးပြင်းလာခဲ့
မက်မောတွယ်တာဖွယ်တွေ သိပ်မရှိခဲ့ဘူး..

မင်းကို ချစ်မိပြီး နောက်ပိုင်းမှာတော့
ပြောင်းလဲမှုများစွာ ဖြစ်လာပါတယ် ချစ်သူ..
ငါဟာ အရင်ကထက် ပိုပြီး
သိုသိပ်လျှို့ဝှက်လာတယ်.
တည်ငြိမ် ရင်ကျင့်လာတယ်..
ဘဝ ဆိုတာကို နားလည်စ ပြုလာတယ်...
ကျေးဇူးပါ ချစ်သူ..

မင်းကို ချစ်မိတာအတွက် ငါ ဘယ်တော့မှ နောင်တ မရပါဘူး
မင်းရဲ့ တုန့်ပြန်မှု ဘယ်လို ရှိစေပေါ့လေ..
ဘာပဲဖြစ်ဖြစ် ငါဟာ..
အရင်ကထက် ပိုပြီး တိုးတက်လာတယ်..

မင်းကို ချစ်နိုင်ခွင့်လေး
တစ်ခါ ပြန်ရမယ် ဆိုရင်တော့
ပျော်ရွှင် ကြည်နူးဖွယ်တွေ
တို့နှစ်ဦးကြား စိမ့်ဝင်ပျံ့နှံ့နေလိမ့်မယ်..
ဝမ်းနည်း ကြေကွဲဖွယ်တွေ ရှိလာရင်တောင်
ငါတို့ ရယ်မောနိုင်ကြမှာပါ..

ငါတောင့်တမိတဲ့ အဲဒီအချိန်
ဘယ်တော့ ရောက်လာမယ် မသိပေမယ့်
ငါကတော့ မျှော်လင့်ချက် အပြည့်နဲ့
စောင့်စားနေဆဲ.. မှန်းဆ ကြည်နူးနေဆဲ..

မျှော်လင့်ချက်ကြောင့် ငါ့ဘဝ
လင်းလက်တောက်ပဆဲ..
အားမာန်အပြည့် လျှောက်လှမ်းဆဲ..
မျှော်လင့်ရင်းလဲ မင်းကို လွမ်းနေဆဲ..


မှတ်ချက်။ ။( ဝလုံးဝိုင်းဝိုင်း ရဲ့ ဘလော့မှ ကဗျာလေးကို နှစ်သက်မိလို့ အမှတ်တရ အနေဖြင့် ပြန်လည် ဖော်ပြထားတာပါ။ )

Tuesday, February 24, 2009

Tag(တခါတုန်းက ဒုက္ခ အခုတော့ ဟာသ)

ဘလော့မောင်နှမဖြစ်တဲ့ ကိုဝင်းဇော်မှ Tag ထားတာလေးပါ. (တခါတုန်းကဒုက္ခ အခုတော့ဟာသ ) ဆိုတဲ့ ခေါင်းစဉ်လေးပါ.. ကျမရဲ့ တချိန်တုန်းကဆိုင်ကယ်စီး သင်ခါစက အကြောင်းလေးကို ပြန်သတိရမိပါတယ်...

ဆိုင်ကယ်ကို အရမ်းလိုချင်ခဲ့တဲ့ ကျမကို ဆိုင်ကယ်စီးတတ်မှ ဝယ်ပေးမယ်လို့အမေက ပြောလာတော့ ကျမ ဦးလေး ဆိုင်ကယ်နဲ့ အစီးသင်ဖို့ ဦးလေးကိုပူဆာမိပါတယ်... ဦးလေး ဆိုင်ကယ်နဲ့ရောက်လာချိန်မှာဆိုင်ကယ်ကို ခွပြီးဘယ်လိုလုပ်ရတာလို့ မေးရင်း ဂီယာကို နင်းမိပြီး ကြောက်ကြောက်နဲ့လီဗာကိုဆွဲလိုက်မိတာ ဝုန်းကနဲ ထွက်သွားလေတော့ လူလည်းကြောက်ကြောက်နဲ့အော်ရင်း ဆိုင်ကယ်ပေါ်ပါသွားပါလေရော..

အဲဒီအချိန်မှာဘဲ ရပ်ကွက်ထဲက အကိုကြီးကလှမ်းပြီး နုတ်ဆက်ပါလေရော..(ဟ.စီးတတ်နေပြီပေါ့ ) လို့ ပြောလည်းပြောလိုက်ရော ကျမကအကိုဘေးကပ်နေ လို့ပြောပြီးမှ သူ့ကို ဝင်တိုက်ပါလေရော... အဲဒီအကိုမှာ
လမ်းပေါ်မှာ ပက်လက်ကြီးအနေအထားပေါ့ ဆိုင်ကယ်နဲ့ကျမကသူ့ခြေထောက်ကြားမှာလေ.. အဲဒီအကိုကြီးက လီဗာကို လျော့ဟလို့ပြောလေကျမက နားမလည်တော့ လီဗာကို လက်က မလျော့မိဘဲကြောက်ကြောက်နဲ့
ဆုပ်ကိုင်မိလေ ဒုက္ခလည်းရောက် ချွေးတွေပြန်ပြီးလူလည်း အတော်လေးကိုကြောက်သွားမိတယ် .....
(အဲဒီအကိုကြီး ဘာဖြစ်သွားသေးလည်း ဆိုတာတော့ ပြောမပြတော့ဘူးနော်.)

အခုအချိန်ထိ အဲဒီအကိုက ကျမကိုတွေ့တိုင်း ဒေါ်လီဗာ လို့အမြဲ ခေါ်တတ် ပါတယ်..အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးက အခုအချိန်မှာ ပြန်တွေးမိတိုင်းအမြဲ ပြုံးမိပါတယ်....
ကိုဝင်းဇော် ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်........
ကိုသစ်ဆင်းနှင့် ကိုဂစ်တာ တို့ကိုလည်း ဆက်ပြီး(Tag) ထားလိုက်ပါတယ် အချိန်ရရင်ဖြေပေးစေချင်ပါတယ်
(winwinlay)

Sunday, February 15, 2009

ညှို့

စိတ်တညှို့မှာ
ကျမ လိုချင်တာတွေ မှန်သမျှ
ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင်
ကျမ မောင့်ကို
စိတ်ညှို့ပစ်လိုက်ချင်တယ်....

Tuesday, January 27, 2009

မေ့ထားရက်သူ

ဝေးကွာရခြင်း
အလွမ်းဒဏ်ကြောင့်
ရင်နှင့်အမျှ ခံစားရတော့မှ
ကံကြမ္မာကိုပဲ အကြိမ်ကြိမ်
အပြစ်တင် နေရမလား...

မေ့ထားနိုင်သူ နဲ့ မမေ့ရက်နိုင်သူ
အတူရှိခဲ့စဉ်က ပျော်ရွှင်မှုအတိတ်အရိပ်တွေကို
ဘယ်လိုမှ တားဆီးထိန်းချူပ်မထားနိုင်တဲ့
မမေ့ရက်နိုင်သူကိုပဲ
အကြိမ်ကြိမ် အပြစ်ရမလား....

နောက်ဆုံးအဖြေကတော့
ကျေနပ်စွာနဲ့ ကြေကွဲရင်း
ကြေကွဲစွာနဲ့ မမေ့နိုင်သူပါ...

(win)

Saturday, January 17, 2009

ချစ်မိခဲ့လို့


နှလုံးသားတခုလုံး မွန်းကျပ်စွာနဲ့
အဆိပ်သင့်ခဲ့ဖူးတယ်
ပစ်ပယ်သွားမှာ ကြောက်လို့

မယုံနိင်လောက်အောင် စွဲလမ်းခဲ့ဖူးတယ်
နှလုံးသားက တောင်းဆိုလို့

တိတ်ဆိတ်စွာနဲ့ ငိုခဲ့ဘူးတယ်
နေရစ်ခဲ့ရမှာကြောက်လို့

မဆုံနိုင်တာ သိပေမယ့်လည်း
ပေးဆပ်ခဲ့ဖူးတယ်
လွမ်းရမှာကြောက်လို့

နောက်ဆုံးတော့လည်း
ထားခဲ့တဲ့နေရာမှာ
ကျေနပ်စွာနဲ့ ရပ်တန့်ကာနေခဲ့ပါတယ်
ချစ်မိခဲ့လို့

(win)