Tuesday, August 12, 2008

ကျွန်မရဲ့ ငှက်ကလေး


တမနက်ခင်းရဲ့ အာရုဏ်ဦးလေးမှာပါ.. အိပ်ခန်းရဲ့ ပြတင်းလေးကို ဖွင့်လိုက်တဲ့ အခါ ကျီကျီကျာကျာနဲ့ တေးဆိုနေတဲ့ ငှက်ကလေးကို တွေ့ခဲ့ရတယ်။ ပြောင်လက် နက်မှောင်နေတဲ့ အမွှေးအတောင်၊ ချွန်ထက်ထက်နှုတ်သီးကလေး၊ ရှည်လျားပြီး ထိပ်ဖျားမှာ ဗွီပုံစံ အမြီးခွလေးနဲ့ ညိုမှောင်မှောင် မျက်လုံးဝိုင်းဝိုင်း လေးတွေနဲ့ ငှက်ကလေးဟာ စတိုင်ကျကျ လှနေ လေရဲ့.......

ပြောရဦးမယ် ငှက်ကလေးရဲ့ တောင်ပံအနားစွန်းလေးတွေမှာလည်း အဖြူရောင် အရစ် ကလေးနဲ့ ဖက်ရှင်ထွင်ထားတဲ့ အတိုင်းပါပဲ။ ဘာရယ် မဟုတ်ဘဲ ကျွန်မ သူ့ကို အရမ်းချစ်သွားတယ်။ ငှက်ကလေးက ငှက်တော် အမျိုးအစားတဲ့.... ဟုတ်မှာပါလေ ကျွန်မ ချစ်တဲ့ငှက်ကလေးက သိပ်တော်တဲ့ ငှက်တော်လေး ဖြစ်မှာပါ။

ဒီလိုနဲ့ပဲ ကျွန်မရဲ့ မနက်ခင်းလေးတွေမှာ ငှက်ကလေးကို အစာကျွေးရင်းစောင့်ကြည့်ရတဲ့ အလုပ်တစ်ခု ပိုလာပါတယ်။ ငှက်ကလေး အသံကို နားစွင့်ရင်း၊ ငှက်ကလေးရဲ့ ရွစိရွစိ ဟိုခုန်ဒီခုန်၊ ဟိုကိုင်းကူး ဒီကိုင်းကူးနဲ့ လှုပ်ရှားဟန်လေးတွေကို ကြည့်ရ တာလည်း မရိုးနိုင်အောင်ပါပဲ။ မိုးတွေ အရမ်းရွာတဲ့ နေ့တွေမှာ ငှက်ကလေး ပေါ်မလာတော့ ကျွန်မ လွမ်းလိုက်ရတာ။ မိုးက သုံးလေးရက် ဆက်ရွာတော့ ငှက်ကလေးလည်း သုံးရက်လောက် ပျောက်နေတာပေါ့....

နောက်တော့မှ မနက်ခင်းရဲ့ နေရောင်ခြည်နဲ့အတူ ငှက်ကလေး ပေါ်လာတော့ တယ်။ ကျွန်မ မျှော်ရကျိုးနပ်ပြီပေါ့။ အချိန်တွေ ကြာလာတာနဲ့အမျှ အခြေ အနေ တွေပြောင်းလဲကုန်တာ ငှက်ကလေး သိရဲ့လား... အခုတော့ ငှက်ကလေးရှိတဲ့ အရပ်မှာ ကျွန်မ မရှိတော့တာ ငှက်ကလေးမှ သိပါလေစကွယ်.....

အလုပ်တာဝန်နဲ့ တာဝန်ကျတဲ့မြို့ကို ပြောင်းသွားတဲ့ ကျွန်မကို ငှက်ကလေး သတိ ပြုမိရဲ့လား။ မနက်တိုင်း ငှက်ကလေး သီချင်းဆိုနေကျ သစ်ပင်နားက အခန်းလေး မှာ ကျွန်မ ရှိမနေတာ ငှက်ကလေး သိမှာမဟုတ်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် ငှက်ကလေးရေ ငှက်ကလေးကို ကျွန်မ အမြဲသတိရနေပါတယ်။ ကျွန်မ ရှိနေတဲ့ မြို့မှာ ငှက်ကလေးလို ငှက်မျိုးတွေ မရှိလေတော့ ငှက်ကလေးကိုပဲ အမြဲလွမ်းမိပါတယ်။ ကျွန်မချစ်တဲ့ ငှက်ကလေး ဘေးကင်းပါစေ။

2 comments:

Welcome said...

we ဆိုတော့ ဘယ်သူရေးမှန်း မသိဘူးပေါ့။
နှစ်သက်စွာ ဖတ်သွားပါတယ်။
လွမ်းတေးတစ်ပုဒ်ဖတ်ရသလိုပါပဲ၊ ငှက်ကလေးမှာ အတောင်ပံရှိရဲ့သားနဲ့ ဘာဖြစ်လို့ လိုက်မလာနိုင်တာလည်း။
သံယောဇဉ်အစစ်အမှန်ဆိုရင်တော့ တစ်နေ့ အစ်မတို့ဆီ အရောက်ပျံသန်းလာမှာပါ။
အန္တရာယ်ကင်းကင်းနဲ့ အစ်မတို့ဆီ ပျံသန်း လာမှာပါ .. ..

Nyo Pyar Nyet said...

ကွန်မင့်ပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်၊ we ဆိုပေမယ့် ယဉ်ရေးထားတာပါ.....နှစ်သက်စွာဖတ်ပေးတဲ့အတွက် ဆက်ပြီးရေးဖြစ်မှာပါ.....