Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Sunday, February 15, 2009

ညှို့

စိတ်တညှို့မှာ
ကျမ လိုချင်တာတွေ မှန်သမျှ
ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင်
ကျမ မောင့်ကို
စိတ်ညှို့ပစ်လိုက်ချင်တယ်....

Saturday, January 17, 2009

ချစ်မိခဲ့လို့


နှလုံးသားတခုလုံး မွန်းကျပ်စွာနဲ့
အဆိပ်သင့်ခဲ့ဖူးတယ်
ပစ်ပယ်သွားမှာ ကြောက်လို့

မယုံနိင်လောက်အောင် စွဲလမ်းခဲ့ဖူးတယ်
နှလုံးသားက တောင်းဆိုလို့

တိတ်ဆိတ်စွာနဲ့ ငိုခဲ့ဘူးတယ်
နေရစ်ခဲ့ရမှာကြောက်လို့

မဆုံနိုင်တာ သိပေမယ့်လည်း
ပေးဆပ်ခဲ့ဖူးတယ်
လွမ်းရမှာကြောက်လို့

နောက်ဆုံးတော့လည်း
ထားခဲ့တဲ့နေရာမှာ
ကျေနပ်စွာနဲ့ ရပ်တန့်ကာနေခဲ့ပါတယ်
ချစ်မိခဲ့လို့

(win)

Thursday, December 25, 2008

ပျောက်ဆုံးချိန်

မျှော်လင့်ခြင်း ဆိုတဲ့အရာဟာ ပင်ပန်းလွန်းပါတယ် မျှော်လင့်စောင့်စားရတဲ့ အရာဟာစိတ်ဒဏ်ရာရစေတာတော့ အမှန်ပါပဲ၊မျှော်လင့်ရင်း တသသ ခံစားရတဲ့ ဝေဒနာကိုထပ်ပြီးမခံစားနိုင်တော့ပါဘူး၊မဖြစ်နိုင်တော့တာကိုသိလျှက်နဲ့ မျှော်လင့်မိတာကို ကျွန်မရဲ့ အပြစ်လို့ သတ်မှတ်ရမှာလား ?ဒါမှမဟုတ် ဝဋ်ကြွေးများလား ......
နောက်ဆုံး ကျွန်မသိလိုက်ရတာကတော့ မျှော်လင့်ခြင်း ဆိုတဲ့အရာဟာ မရေရာ မသေချာတဲ့ အလုပ်တစ်ခု ဆိုတာကိုပါဘဲ
(win)

Wednesday, November 12, 2008

ငြိတွယ်မိသောအခါ

နာကျည်းမှု့ဆိုတာသူ့အပေါ်ထားတဲ့ မေတ္တာတရားတွေနဲ့ယှဉ်လိုက်ရင်မပြောပလောက်ပါဘူး၊ ပရိယာယ်တွေနဲ့ကြွယ်ဝခဲ့တဲ့ မင်းကိုကျွမ်းကျင်တယ်လို့ ချီးကျူးရမလား၊ ဒါမဟုတ် နာကြည်းရမလား..
မျော်လင့်ချက်များစွာနဲ့ တမ်းတခဲ့ရတဲ့ ငါပါ ၊ အပြုံးတွေ ပရိယာယ်တွေနဲ့ လှည့်စားရင်း အလဲထိုးချလိုက်တဲ့ အခါမှဆုံးရှုံးရခြင်းတွေနဲ့ အတူ မင်းရဲ့ ပရိယာယ်တွေကို သဘောပေါက်ခဲ့ရတဲ့ ငါဟာ မင်းကို နားကြည်းမသင့်ဘူးလား...
ဒါပေမယ့် နှလုံးသားထဲမှာ နင့်ရဲ့ပုံရိပ်တွေ စွဲမြဲဆဲမို့ မနာကြည်းရက် မမေ့ပျောက်ရက်တာ အဆန်းတော့မဟုတ်လောက်ပါဘူးနော်.. မှားများနေပြီလား ..
အမှားဆိုရင်တော့ သိပ်ချစ်တတ်တဲ့ ငါ့နှလုံးသားကိုဘဲ အပြစ်ပုံချလိမ့်မယ်.
ငါ့နှလုံးသားက နာကြည်းတတ်ဖို့်ခက်ခဲလောက်အောင် အစွဲအလမ်းကြီးလွန်းတယ်လေ..
ဒါတွေဟာနင့်အပေါ်ထားတဲ့ အချစ်တွေ မလျော့သေးလို့ပါဘဲ
(win)

Wednesday, September 17, 2008

ချစ်သူလက်ဆောင်

သင်သည် ချစ်တတ်သောနလုံးသားရှိသူဖြစ်လျှင် သင့်တွင်သင့်အားချစ်သော၊ သင်ကချစ်ရသော ချစ်သူ တစ်ယောက်ရှိပေလိမ့်မည်။
သင့်ချစ်သူကသင့်အား အမှတ်တရဖြစ်စေမည့် လက်ဆောင်များစွာပေးခဲ့ဖူးပေလိမ့်မည်။
ကျွန်မသည်လည်းချစ်သူကပေးသော အမှတ်တရလက်ဆောင်များ ရရှိခဲ့ ဖူးပါသည်။
ကျွန်မကလည်းချစ်သူအတွက် လက်ဆောင်များပေးခဲ့ဖူးပါသည်.....
ချစ်သူသည်သူ၏လက်ဆောင်များအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်စာတိုလေးများနှင့်အတူ ပေးတတ်သူဖြစ်ပါသည်။
ကျွန်မကပေးသော လက်ဆောင်များကို မြတ်မြတ်နိုးနိုး တန်ဖိုးထားသုံးစွဲတတ်သော ချစ်သူသည် အခုတော့ကျွန်မအနားတွင်မရှိတော့ပါ.......
ကျွန်မအတွက် စိမ်းကားရက်စက်မှု လက်ဆောင်များ ကိုထားရစ်ကာ တိတ်တဆိတ် ပျောက်ဆုံး သွားပါသည်။
.........ကျွန်မကလည်း ချစ်သူအတွက်မဆုံးနိုင်သော ချစ်ခြင်း များစွာနှင့်အတူ လွမ်းဆွတ်သတိရမှုများကို လက်ဆောင်အဖြစ်ပေးလိုက်ချင်ပါသည်။ yin

Tuesday, August 12, 2008

ကျွန်မရဲ့ ငှက်ကလေး


တမနက်ခင်းရဲ့ အာရုဏ်ဦးလေးမှာပါ.. အိပ်ခန်းရဲ့ ပြတင်းလေးကို ဖွင့်လိုက်တဲ့ အခါ ကျီကျီကျာကျာနဲ့ တေးဆိုနေတဲ့ ငှက်ကလေးကို တွေ့ခဲ့ရတယ်။ ပြောင်လက် နက်မှောင်နေတဲ့ အမွှေးအတောင်၊ ချွန်ထက်ထက်နှုတ်သီးကလေး၊ ရှည်လျားပြီး ထိပ်ဖျားမှာ ဗွီပုံစံ အမြီးခွလေးနဲ့ ညိုမှောင်မှောင် မျက်လုံးဝိုင်းဝိုင်း လေးတွေနဲ့ ငှက်ကလေးဟာ စတိုင်ကျကျ လှနေ လေရဲ့.......

ပြောရဦးမယ် ငှက်ကလေးရဲ့ တောင်ပံအနားစွန်းလေးတွေမှာလည်း အဖြူရောင် အရစ် ကလေးနဲ့ ဖက်ရှင်ထွင်ထားတဲ့ အတိုင်းပါပဲ။ ဘာရယ် မဟုတ်ဘဲ ကျွန်မ သူ့ကို အရမ်းချစ်သွားတယ်။ ငှက်ကလေးက ငှက်တော် အမျိုးအစားတဲ့.... ဟုတ်မှာပါလေ ကျွန်မ ချစ်တဲ့ငှက်ကလေးက သိပ်တော်တဲ့ ငှက်တော်လေး ဖြစ်မှာပါ။

ဒီလိုနဲ့ပဲ ကျွန်မရဲ့ မနက်ခင်းလေးတွေမှာ ငှက်ကလေးကို အစာကျွေးရင်းစောင့်ကြည့်ရတဲ့ အလုပ်တစ်ခု ပိုလာပါတယ်။ ငှက်ကလေး အသံကို နားစွင့်ရင်း၊ ငှက်ကလေးရဲ့ ရွစိရွစိ ဟိုခုန်ဒီခုန်၊ ဟိုကိုင်းကူး ဒီကိုင်းကူးနဲ့ လှုပ်ရှားဟန်လေးတွေကို ကြည့်ရ တာလည်း မရိုးနိုင်အောင်ပါပဲ။ မိုးတွေ အရမ်းရွာတဲ့ နေ့တွေမှာ ငှက်ကလေး ပေါ်မလာတော့ ကျွန်မ လွမ်းလိုက်ရတာ။ မိုးက သုံးလေးရက် ဆက်ရွာတော့ ငှက်ကလေးလည်း သုံးရက်လောက် ပျောက်နေတာပေါ့....

နောက်တော့မှ မနက်ခင်းရဲ့ နေရောင်ခြည်နဲ့အတူ ငှက်ကလေး ပေါ်လာတော့ တယ်။ ကျွန်မ မျှော်ရကျိုးနပ်ပြီပေါ့။ အချိန်တွေ ကြာလာတာနဲ့အမျှ အခြေ အနေ တွေပြောင်းလဲကုန်တာ ငှက်ကလေး သိရဲ့လား... အခုတော့ ငှက်ကလေးရှိတဲ့ အရပ်မှာ ကျွန်မ မရှိတော့တာ ငှက်ကလေးမှ သိပါလေစကွယ်.....

အလုပ်တာဝန်နဲ့ တာဝန်ကျတဲ့မြို့ကို ပြောင်းသွားတဲ့ ကျွန်မကို ငှက်ကလေး သတိ ပြုမိရဲ့လား။ မနက်တိုင်း ငှက်ကလေး သီချင်းဆိုနေကျ သစ်ပင်နားက အခန်းလေး မှာ ကျွန်မ ရှိမနေတာ ငှက်ကလေး သိမှာမဟုတ်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် ငှက်ကလေးရေ ငှက်ကလေးကို ကျွန်မ အမြဲသတိရနေပါတယ်။ ကျွန်မ ရှိနေတဲ့ မြို့မှာ ငှက်ကလေးလို ငှက်မျိုးတွေ မရှိလေတော့ ငှက်ကလေးကိုပဲ အမြဲလွမ်းမိပါတယ်။ ကျွန်မချစ်တဲ့ ငှက်ကလေး ဘေးကင်းပါစေ။

Monday, August 11, 2008

အရှုံးများ

လူတို့သည် အတ္တကြီး၏။ အသာစံလို၍ အနာမခံချင်ကြပေ။ အနိုင်သာရလို အရှုံးကို ရင်မဆိုင်ချင်ပါ။ ပျော်ရွှင်ခြင်းများကိုသာ ယူဆောင်လို၍ ၀မ်းနည်း ခြင်းများကို ကျောခိုင်းချင်ကြသည်။ ကျွန်မသည်လည်း လူသားတစ်ဦးဖြစ်သည့်အတွက် အတ္တ ကိုအရောင်တင်လိုပါသည်။ အနိုင်ယူခြင်းကိုသာ မြတ်နိုး၍ ရှုံးနိမ့်မှုကို ကြောက်ရွံ့ သူဖြစ်ပါသည်။

သို့သော် ကံတရားသည် မျက်နှာလိုက်တတ်သည်။ ကံကောင်းခြင်း လက်ဆောင် များသည် ကျွန်မနှင့် အလွန်တိုက်ဆိုင်ခဲလှသည်။ ကံဆိုးခြင်း တရား ရှုံးနိမ့်မှု များသည်သာ ကျွန်မအတွက် စောင့်ဆိုင်း နေတတ်သည့်အတွက် ကျွန်မ မကြာ ခဏ ဆုံးရှုံးခဲ့ရသည်။ ကျွန်မ၏ အရှုံးများကို ကျွန်မ မုန်းတီးမိပါသည်။

ငယ်စဉ်ဘ၀မှစ၍ ယခုအချိန်အထိ ကျွန်မ၏ အရှုံးများကို တတ်နိုင်သလောက် မေ့ထားခဲ့ပါသည်။ ကျွန်မသည် ရယူလိုသူသာ ဖြစ်သည်။ သို့သော် ပေးဆပ်ရ သည်က များပါသည်။ ကျွန်မသည် အလိုကြီး အရနည်း ပုံပြင်ထဲကလို ဖြစ်နေ ပြီလား။ ရယူလိုစိတ် များလေလေ ပေးဆပ်ရလေလေဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်မသည် အရှုံးများနှင့် ထပ်ရင်မဆိုင်ရအောင် ကျွန်မ၏ အလိုလောဘများကို အရှိန်သတ်ရပါမည်။ သူများဆီက မလိုချင်ပါမှ ကိုယ့်ဆီက မပါမှာဖြစ်သည့် အတွက် ကျွန်မ လိုအင်ဆန္ဒများကို ထိန်းချုပ်ထားရပါမည်။

yin

Thursday, July 31, 2008

မလွမ်းရဲသူ

အဖေရုံးသွားလည်း......မနေခဲ့ချင်သူ
အမေဈေးသွားလည်း....မကျန်ခဲ့ချင်သူ
သူငယ်ချင်းများနဲ့လည်း....သင်းမကွဲချင်သူ
အမြဲတမ်းမကျန်ခဲ့ချင်သူပါ.....
ချစ်ရတဲ့သူနဲ့တွေ့တော့လည်း ကျန်ခဲ့မှာကိုတွေးပြီး
ချစ်ဖို့မရဲခဲ့.....
သတ္တိနည်းတဲ့..
အချစ်နဲ့လွှဲခဲ့သူပါ....
တကယ်တော့ ..ကိုယ်ကအထီးကျန်မှာကြောက်တဲ့
မလွမ်းရဲတဲ့သူပါ။...........yin